Tuesday, November 17, 2015

ကိုယ်တိုင်ဖတ်ဖို့ ရေးတဲ့စာ

ချစ်သူ
 ဒီကနေ့ကစ ကိုယ်ကိုယ်တိုင်အတွက် ဂုဏ်ယူစွာနဲ့ရှင်သန်ပါ။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ဘယ်သူကမှ သင့်ကို သူကိုယ်တိုင်လောက်ချစ်မှာ မဟုတ်ပါဘူး။
လူတချို့ကို အရမ်းဂရုမစိုက်ပါနဲ့၊ အရာတချို့ကို အရမ်းအလေးမထားပါနဲ့။ ကံတရားကို အကောင်းဆုံးစိတ်ထားနဲ့ ရင်ဆိုင်နိုင်ဖို့ကြိုးစားပါ။ လောကကြီးဟာ အမြဲ မမျှတနိုင်ပါဘူး။ ကိုယ်ပိုအလေးထားတဲ့ လူ၊ အရာဝတ္ထုရှေ့မှာ ကိုယ်ဟာအမြဲတန်ဖိုးကျရလို့ပါပဲ။
ကိုယ့်ကိုယ်ကို ဘယ်တော့မှ မနှိပ်စက်ပါနဲ့။ ဥပမာ- ထမင်းမစားတာ၊ ငိုတာ၊ ကိုယ့်ကိုယ်ကို ပိတ်လှောင်တာ၊ စိတ်အားငယ် စိတ်ဓာတ်ကျတာ.... ဒါတွေဟာ လူနုံ၊ လူအတွေမှ လုပ်တဲ့အရာတွေပါ။
ကိုယ့်ကိုယ်ကို နည်းနည်းထက်မြက်ပါစေ။
ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေကို တုံးအတဲ့မေးခွန်းတွေ ထပ်တလဲလဲ သွားမမေးပါနဲ့။ ဒါဟာ ပျင်းဖို့ ကောင်းလွန်းပါတယ်။
တကယ်လို့ မပျော်ဘူး၊ ဝမ်းနည်းရင် ထောင့်တစ်နေရာရာမှာ ဒါမှမဟုတ် စောင်ထဲဝင်ပြီး ငိုလိုက်ပါ။
တခြားလူ ကိုယ်ချင်းစာ သနားဖို့မလိုပါဘူး။ ငိုပြီးတဲ့နောက် ပျော်ရွှင်တဲ့နေ့ရက်တွေကို ဖြတ်သန်းပါ။
ကိုယ့်ခံစားချက်ကို ကိုယ်ထိန်းချုပ်နိုင်ဖို့ ကြိုးစားပါ။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ပါဘူး။
ဒါကြောင့် တခြားလူအပေါ် သင်ဒေါသထွက်ချင်တိုင်း မထွက်ပါနဲ့၊ စိတ်တိုချင်တိုင်း မတိုပါနဲ့။

ချစ်သူ
သင် စိတ်ပျက်လက်ပျက်ဖြစ်လို့ရတယ်၊ ဒါပေမယ့် မျှော်လင့်ချက်တော့ မမဲ့ပါစေနဲ့။ tomorrow is another day ဆိုတာကို ယုံယုံကြည်ကြည်ရှိပါ။
တခြားလူအပေါ် မှီခိုဖို့ပဲ မစဉ်းစားပါနဲ့။
သင်အကူအညီလိုချိန် အနားရောက်လာပြီးကူညီမယ့်လူကို ပိုလိုတောင် မမျှော်ကိုးပါနဲ့။
ဘယ်သူကမှ ဘယ်သူ့ဟာ မဟုတ်လို့ပါပဲ။
တခြားလူကို ဘယ်တော့မှ ကတိလွယ်လွယ်မပေးပါနဲ့။ ပေးလိုက်တဲ့ ကတိက ဆပ်စရာ အကြွေးဖြစ်တယ်။
ဒီလောကမှာ နောက်ပြန်လှည့်လို့ မရတာပဲရှိတယ်၊ ကျော်ဖြတ်လို့မရတဲ့အရာဆိုတာ မရှိပါဘူး။
သင့်အပေါ် သူကောင်းရင် သူ့အပေါ် သင်ဆတိုးကောင်းပါ။
သင့်အပေါ် သူမကောင်းရင်လည်း သူ့အပေါ် သင်ကောင်းသင့်ပါတယ်။ အကြောင်းက သင်မှာ ကောင်းတာတွေ မလုံလောက်သေးလို့ပါပဲ။
လက်တွေ့ဘဝဟာ ဘယ်လောက်ပဲ ဆင်းရဲပင်ပန်းပါစေ... အမှောင်လွန်ရင် အလင်းရောက်လာမယ်ဆိုတာကို ခေါင်းမာမာနဲ့ယုံကြည်ပေးပါ။

ချစ်သူ
အတိတ်ကို မလွှတ်တမ်း ဆုပ်ကိုင်မထားပါနဲ့။ ကြိုးပြတ်သွားတဲ့စွန်ကို ပျံသန်းခွင့်ပေးလိုက်ပါ။
သူ့ကိုလွှတ်လိုက်တာဟာ ကိုယ့်ကိုယ်ကို ပိုလွတ်လပ်ခွင့်ပေးလိုက်တာပါပဲ။
လောကမှာ "သင်"တစ်ယောက်ပဲရှိပါတယ်။ တခြားလူတွေ သင့်ကို မနှစ်သက်ခဲ့ရင်လည်း သင့်ကိုယ်သင် မြတ်နိုးတတ်ပါစေ။ မှန်ကန်သူဖြစ်ပါစေ။
သင့်ဘေးက သင့်ကိုအဖော်ပြုသူတွေကို ကောင်းကောင်းဆက်ဆံပါ။ အချစ်က တိုတောင်းနိုင်ပေမယ့် သူငယ်ချင်းက တစ်သက်လုံးအတွက်ပါ။
အချစ်အပြင် မြေပြင်ပေါ်မှာ သင်ခြေအစုံ ကြံ့ကြံ့ခံရပ်နိုင်စေမယ့်အရာကို ရှာဖွေနိုင်ပါစေ။
မကြာခဏ ကောင်းကင်ကိုမော့ကြည့်ပါ။ ကောင်းကင်ကိုမော့ကြည့်ချိန် ခြေဖဝါးအောက်ကအရာကို
လည်း ကြည့်ဖို့မမေ့ပါနဲ့။
သင့်ရဲ့အလိုလိုသိစိတ်ကို ယုံကြည်ပါ။ တခြားလူကို ရန်မစပါနဲ့။ တခြားလူကလည်း သင့်ကို ရန်မစစေပါနဲ့။
တခြားလူနဲ့ ဟိုလိုလို ဒီလိုလို မရှုပ်ပါနဲ့။ သင် တတ်နိုင်မှာ၊ ပေးစွမ်းနိုင်မှာ မဟုတ်လို့ပါ။
သင့်ကိုယ်သင် အရမ်းနှိမ်မချပါနဲ့။ တစ်ခါတလေ ရဲဝင့်ပါစေ။ အနိုင်ကျင့်ခံရတဲ့အခါ အမှန်ကို ပြန်ရယူပါ။
ဒါပေမယ့် ရန်ငြိုးမထားပါနဲ့။ လူသိမ် လူနုံတွေ သူတို့လမ်းသူတို့သွားပါစေ။ သနားညှာတာခြင်းက သင့်ကို ပိုမြင့်မြတ်စေပါတယ်။

ချစ်သူ
ပျော်ပျော်နေပါ၊ ရွှင်လန်းတက်ကြွအောင်နေပါ၊ ကြံ့ခိုင်အောင်နေပါ၊ မေတ္တာတွေ နွေးထွေးပါစေ။ ဒါဟာ အကျင့်စရိုက်နဲ့ မဆိုင်ပါဘူး။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ကိုယ့်ကိုယ်ကိုလည်း မြတ်နိုးတတ်ပါစေ။ ကိုယ်ဟာအကောင်းဆုံးကို ပိုင်ဆိုင်ထားကြောင်း ကိုယ့်ကိုယ်ကို အစဉ်အမြဲ အသိပေးတတ်ပါစေ။
မျှော်လင့်ချက်ကို အမြဲဆောင်ထားပါ။ ရှေ့သို့ အမြဲဆက်လှမ်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်ဖြစ် လောကမှာ သင့်ကိုအားပေးသူတစ်ယောက် အမြဲရှိနေပါတယ်။အဲဒီလူကတော့ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။

Credit : နိုင်းနိုင်းစနေ
အလွမ်းသစ်

Friday, December 13, 2013

မင်္ဂလာပါဗျို့ မရောက်တာတောင်ကြာပြီ .. ကိုယ့်ဘလော့ကို မေ့နေလိုက်တာ .. ဒီနေ့မှ ပြန်ရောက်တယ် ... ဘယ်လောက်တောင်ကြာသွားလဲဆိုရင် ၄ နှစ်ကျော် လောက်တောင်ကိုကြာသွားပြီ .. အားလုံးပဲ သတိလဲရပါတယ် .. နောက်လဲ အမြဲလာပါ့မယ်...

Friday, July 3, 2009

ဘလောခ့်လောက သို့ ..

မရောက်တာကြာတော့ တော်တော်လေးကို ဟောင်းနွမ်းနေပြီနော် .. အချိန်မပေးတာက တစ်ကြောင်း ပြင်းနေတာက တစ်ကြောင်းနဲ့ ကိုယ်ရေးထားတဲ့ ဘလောခ့်လေးကို ပစ်ထားမိခဲ့တာ ခုဆို ပိုးအိမ်တွေနဲ့တောင်ပြည့်နေပြီ .. ရင်းနှီးထားခဲ့ဘူးတဲ့ သူငယ်ချင်း ဘလောခ့်ကာတွေတောင် ခုဆို အလွမ်းသစ်ကို မေ့လောက်ရောက်ပေါ့နော် .. တောင်းပန်ပါတယ် သူငယ်ချင်းတို့ရေ .. ရေမြေခြားမှာ ခွန်အားကို စိုက်ပြီး ဘ၀အတွက် ရုန်းကန်နေရတဲ့ ကျွန်တော့်ကို လည်း မမေ့ကြပါနဲ့ .. နောက်ဆို ကိုယ်ဘလောခ့်လေးကို သတိထားပြီးတော့ သတိတရ နဲ့ ပြင်ဆင်ပါ့မယ်လို့ သူငယ်ချင်းတို့ကို ကတိပေးပါရဲ့ ..
အရင်တုန်းကဆို ကော်နက်ရှင်မရတဲ့ကြားကနေတောင် ကိုယ့်ဘလောခ့်လေးကို ပြင်ဆင်ခွင့်ရသေးတယ် .. ခုများယောင်လို့ လှည့်မကြည့်အား .. တစ်ကယ့်ကို လုပ်ငန်းရှင်ကြီးကြနေတာပဲ ..ဟိဟိ .. သူများမြေမှာ သူများရေကို သောက်ပြီး ကြိုးစားနေရင် သတိရမိတယ်လေ . တစ်နေ့ တစ်နေ့ အလုပ်ကို မနားတမ်းလုပ် .. တစ်ခါတစ်ရံဆို ယားလို့တောင် မကုတ်အားလို့ ယားတဲ့ နေရာလေးကို ဘောပင်နဲ့ ၀ိုင်းပြီး ညအိမ်ပြန်ရောက်မှ ကုတ်ရတဲ့ဘ၀ .. အိမ်ပြန်ရောက်ပြန်တော့ လည်း တစ်နေ့လုံးပင်ပန်းလာသမျှလေးကို အတိုးချပြီးနားရင် နောက်တစ်နေ့ရောက် .. ဒီလိုနဲ့ လူလည်း စက်ရုပ်လိုပဲ ပုံမှန်လည်ပတ်နေရတာ ကိုယ်ဘလောခ့်လေးကို တောင်လှည့်မကြည့်အားတာ ခုဆို ဖုန်တက်ရုံတင်မကဘူး ချပါစားနေတယ် .. ခုတော့ ကိုယ်ဘလော့လေးကို သတိရတုန်းလေး ပြန်ပြင်ရင်း နောင်ဆို ပုံမှန်ပြန်လည် လည်ပတ်တော့ပါမယ်လို့ သူငယ်ချင်းများကို ကြောင်းကြားထားပါတယ် .. သူငယ်ချင်းများကလည်း ကျွန်နော့်အိမ်ကို လာလည်လို့ သတင်းလေးဖြန့်ပေးရင် မကြာမကြာ လာရောက်လာလည်ကြပါအုန်းလို့ ဖိတ်ပါတယ် ..

အလွမ်းသစ်(၂.၀၇.၂၀၀၉)

Thursday, December 11, 2008

မျှော်လင့်ခြင်း

မျှော်လင့်ခြင်း

ပျောက်ဆုံးနေတဲ့
ပန်းမပွင့်ခဲ့ဘူးတဲ့ ငါအတိတ်တွေဆီ..
တစ်စုံတစ်ခုက ဆွဲခေါ်သွား......
ခြေရာမဲ့ခဲ့တဲ့ ငါအလွမ်းတွေကို
ကြွေနေတဲ့နေရက်တွေထဲမှာ ပြန်ရှာနေမိတယ် .....
အခုတော့...
ငါခံစားခဲ့ရပုံများ နှလုံးသားထဲအထိနာကျင်လို့
အရှုံးပေးခြင်းသက်သက်နဲ့ ဆန့်ကျင်ဘက်ကို ကျောပေးရပ်မယ် ....

ဒီအလွမ်းတွေကို ဘယ်လိုများကျော်ရမလဲ
ညညဆို ငါ့အတွေးတွေ
ပြတင်းတံခါးလို ရပ်တွေးဆွေး ....
ငါရင်ဘတ်ထဲမှာ မင်းအလှနဲ့ နှစ်ဝင်နေတဲ့
အိပ်မက်လှေတွေရှိတယ် .....
ငါ့ခေါင်းထဲမှာ မင်းအနမ်းတွေအတွက် ၀ှက်ထားတဲ့
အနာဂတ်တစ်ခုရှိတယ်....
သောကြာထောင့်မှာ ဆီမီးတိုင်ကို ထွန်းညှိပြီး
ငါဆုတောင်းတော့
မဆီမဆိုင် ဗီးနပ်(စ်)က သစာပန်းတွေသီကုံးပြီး
ဆန့်ကျင်ဘက်က ရယ်သံတစ်စုံကို ငါကြားခဲ့....
ဒဏ်ရာအသစ်အတွက် ပန်းပွင့်တွေက အရောင်အသွေးစုံလှပေါ့.........

အလွမ်းသစ်

Saturday, December 6, 2008

ပင်လယ်ပြင်မှာ
တိမ်တွေပြိုကျ
ငါ့မျက်ရည်..
မင်းအတွက်ပါ...
မျက်ရည်တစ်စက်ကျတိုင်း....
တစ်သက်စာပိုချစ်ခဲ့ရတယ်....
တစ်သက်စာနာကျည်းရင်.......
ပြုံးပြနေပေမယ့်...
ရင်ထဲကမျက်ရည်...
မင်းကို မြင်တွေ့ခွင့်မပေးချင်ဘူး.....
ငါခံစားနေရတာမင်းမြင်လို့
မင်းဝမ်းသာမယ်ဆိုရင်လဲ.......
မင်းကိုလှောင်ရယ်ခွင့် ပေးလောက်အောင်.
ငါ..မာနမမဲ့သေးဘူး....

အလွမ်းသစ်

Monday, November 3, 2008

ငွေ

ငွေ ငွေ ငွေ

သြော်
လောကတွင်
ဆွေမျိုးညှာတိ....
ငွေမရှိက....ခင်မင်တရား...
လွန်နည်းပါ၏။.......
လောကလူ့ရွာ...
ငွေမျက်နှာသည်....
လူကိုမခင် ငွေကိုခင်၏............

အလွမ်းသစ်(3.11.2008)

Saturday, October 25, 2008

အမှတ်တရ

အမှတ်တရ

ချစ်သူ....
အမှတ်တမဲ့.........
နှလုံးသားချင်း ၀င်တိုက်မိတဲ့
ပုံပြင်ဆန်တဲ့ ငါတို့နှစ်ဦးရဲ့တွေ့ဆုံမှုမှာ......
ရှင်သန်ရာဘ၀လို့သတ်မှတ်ခဲ့တဲ့ငါ....
တင်းကျပ်စွာဆုပ်ကိုင်ထားတဲ့ ငါတို့နှစ်ဦးရဲ့လက်တွေ.....
အဆုံးမရှိတယ်ငါ့ရဲ့ ရင်ခုန်သံတွေ.....
အကောင်းဆုံးလို့ ယုံကြည်ခဲ့တဲ့......
မင်းရဲ့ ဘ၀ခရီးအတွက်.......
ရင်နှင့်စွာရွေးချယ်ခဲ့တဲ့
ငါ့ရဲ့အမုန်းအတွက်နဲ့.......
ငါတို့လျှောက်ခဲ့တဲ့
အစိမ်းရောင်မြေနီလမ်းပေါ်က......
ထိုင်ခုံတွေကလည်း....ခုဆို...
အဖော်မဲ့လျှက်.....
ပြီးတော့.....
ငါချစ်ခဲ့ဘူးတဲ့ မင်းရဲ့အပြုံးနဲ့
နှစ်ဝင်နေတဲ့မြှားတစ်စင်း.......
ငါ့ရင်ဘတ်ထဲမှာ ခုထိသိမ်းထားဆဲ.....
အရာရာအားလုံး အမှတ်တရ အဖြစ်နဲ့ပေါ့....

အလွမ်းသစ်(25.10.08)

Tuesday, October 14, 2008

တောင်းဆု

တောင်းဆု

ချစ်သူ..........
အနေနီးရင်သွေးနီးသတဲ့..
သံယောဇဉ် ဆိုတာမမြင်နိုင်တဲ့ကြိုးတစ်ချောင်းလေ.....
မင်းနဲ့ ကိုက
ကံကြမ္မာရဲ့မျက်နှာသာပေးမှုကြောင့်
ချစ်ခွင့်ရခဲ့ပေမယ့်...
အနေဝေးလို့သွေးအေးမသွားနဲ့နော်..
ငါဆိုတဲ့ကောင်က
အချစ်ဆိုတာ ရယူပိုင်ဆိုင်ချင်းလို့
မျက်စိမှိတ် သတ်မှတ်ထားပေမယ့်.....
မထင်မှတ်တဲ့ ငါ့ရဲ့....
ချို့တဲ့မှုကြောင့်.....
အချစ်ဆိုတာ......
ပေးဆပ်ချင်းလို့ အသိအမှတ်ပြုရတော့မယ်လေ...
ဒါပေမယ့်.....
မင်းအတွက်....
လှပတဲ့အနာဂတ် တစ်ခုကိုသာ....
ဖန်တီးခွင့်ရခဲ့မယ်ဆိုရင်....
မင်းသာလက်ခံယုံကြည်မယ်ဆိုရင်....
ပျော်ရွှင်ပါစေချစ်သူလို့
ငါ.....
ကျေနပ်ကြည်နူးစွာ....
ဆုတောင်းပေးနေမှာပါ........
(ပျော်ရွှင်ပါစေချစ်သူ)

အလွမ်းသစ်(15.10.08)

Thursday, October 9, 2008

ဆုတောင်း

ဆုတောင်း

ချစ်သူ.......
လောကတွင်...
အချစ်ကို ကိုးကွယ်သောသူတို့ကား
အချစ်သည် တည်မြဲ၏ ဟုဆိုကြသည်.....
သို့သော်.....
လောကတရားတွင်
မည်သည့်အရာမျှမတည်မြဲဟုလည်း ဆိုကြပြန်သည်...
ကျွန်ုပ်သည်...
အချစ်ကိုလည်း ကိုးကွယ်၏..
လောကတရားကိုလည်း မဆန့်ကျင်ပါ...
ထိုမှန်ကန်သော သစ္စာစကားကြောင့်....
ကျွန်ုပ်၏ အချစ်သည်......
်သင်၏ ရင်တွင်တည်ပါစေ....
သင့်ထံမှ စစ်မှန်သော၊ ဖြူစင်သော အချစ်သည်လည်း
ကျွန်ုပ်အတွက် သင်၏ရင်မှပေါက်ဖွားပါစေ.....
လောကရှိချစ်သူအပေါင်းသည်လည်း.....
မချစ်မနှစ်သက်သောသူနှင့် ကင်းဝေးပါစေ...
စစ်မှန်သော၊ ဖြူစင်သော အချစ်တို့နှင့်သာ....
ထာဝရ ပေါင်းဖက်ရပါစေသား....

အလွမ်းသစ်(၁၀.၁၀.၀၈)

Wednesday, October 8, 2008

ချစ်သူ၏ တစ်ဆယ့်နှစ်ကြိုးအတတ်

ချစ်သူ၏ တစ်ဆယ့်နှစ်ကြိုးအတတ်

မေ့ထားပေမယ့် မသိစိတ်ထဲ
တိုးဝင်လျှောက်ဆဲ မင်းပုံရိပ်တွေ.....
မှိတ်ထားပေမယ့် မျက်ဝန်းထဲ
အစဉ်ချိုမြတဲ့ မင်းအပြုံးတွေ
ငါ တမ်းတနေဆဲ........
ပိတ်ထားပေမယ့် ငါ့...နားစည်ထဲ
ထိုးဖောက်လာတဲ့ မင်းရယ်သံတွေ...
ငါ့နှလုံးသားကို တတိတိတိုက်စားအောင်
အက်ဆစ်တစ်စက် ၀ီစကီတစ်ပက်နဲ့
ပြုစားခဲ့တာလားချစ်သူရယ်.....။

မှတ်ချက်...၀ီစကီနေရာမှာ ၀ိုင်ရေးသင့်ပါတယ်
ဒါပေမယ့် ၀ိုင်မကြိုက်လို့..၀ီစကီတစ်မင်ပြောင်းရေထားတာ..ဟတ်ဟတ်
duckyeggs25985(ရင်ကွဲထွက်)

အလွမ်းသစ်

Saturday, October 4, 2008

Online မှ ချစ်သူသို့......ပေးစာ

Online မှ ချစ်သူသို့......ပေးစာ

Online...........
ငါ နာနာကျင်ကျင် တမ်းတမိတယ်
ငါတိတ်ဆိတ်ကြေကွဲစွာ သတိရနေတယ်..
အခုချိန်ဆို......
Online မှာ သူရောက်နေရောပေါ့.....
ငါလာမယ့်လမ်းဆီ....
မျှော်ရီငေးမောနေတဲ့
မင်းမျက်ဝန်းတွေကို ငါ......
ဘယ်လိုမေ့ ပြစ်ရမလဲ.........
မင်းလေးဆီ........
အခစားဝင်ချင်နေတဲ့ စကားလုံးတွေကို
ဘယ်လိုအင်အားမျိုးနဲ့ .....
ငါ....တားဆီးရမလဲ....
တစ်ကယ်ဆို....
တစ်ချပ်မှောက်ကစားပွဲမှာ
ငါမလှန်လိုက်ရတဲ့ ....ဖဲလေးတစ်ချပ်ဟာ
မင်းနဲ့ ငါ့ အတွက်
ချစ်ခြင်းမေတ္တာပါလား......။
Duckyeggs25985(ရင်ကွဲထွက်)
ကျွန်တော့် သူငယ်ချင်းတစ်ယောက်ရဲ့ ခွင့်ပြုချက်နဲ့ ကဗျာလေးကို တင်ပေးခြင်းဖြစ်ပါတယ်..
အလွမ်းသစ်

ကျွန်တော့်အတွေး(၂)

ကျွန်တော့်အတွေး(၂)

အချိန်ကာလများစွာ သန်ဓေတည်မွေးဖွားလာတဲ့ အချစ်ကို ဘာအကြောင်းပြချက်နဲ့မှ ပိတ်ပင်ဖို့မကြိုးစားပါနဲ့ ချစ်သူ။ဘာသာတရား၊ ဓနဥစ္စာ၊အသိုင်းအ၀ိုင်း၊ အဆင့်အတန်း၊ မညီမျှတဲ့လမ်းအားလုံးဟာ အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာကျရှုံးရမယ်။ ငါ့အတွက်တော့ အချစ်ဆိုတဲ့ အရာဟာ ဒီလောက်ထိ ကြီးကျယ်ခမ်းနားတယ်။

နှုတ်တစ်ရာ စာတစ်လုံး၊ စာတစ်ရာ ကဗျာတစ်ပုဒ်၊ ကဗျာတစ်ရာ ပန်းချီတစ်ချပ် ဆိုပေမယ့် ဖော်ညွှန်းပြဆိုဖို့ ခက်ခဲလွန်းနေတဲ့ ငါ့ရင်ဘတ်ထဲကခံစားချက်တွေကို ဖောက်ထုတ်ရှင်းလင်းဖို့အတွက် ငါပန်းချီမဆွဲတတ်ဘူး၊ ကဗျာတွေစာတွေရေးဖွဲ့ဖို့အတွက်လည်း စကားလုံးတွေက မလုံလောက်ပြန်ဘူး။ ဒီတော့ငါရဲ့ တိတ်ဆိတ် ဆွံအမှုတွေကိုယ်စား နှလုံးသားထဲကအသံတွေကို မင်းကြားနိုင်ပါစေလို့ပဲ ငါဆန္ဒပြုရတော့မှာပေါ့။
အလွမ်းသစ်(၄.၁၀.၀၈)